ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် တပေါင်းလပြည့်နေ့နှင့် ပက်သက်၍ သာသနာသမိုင်းဆိုင်ရာ အဖြစ်အပျက်များ၊ ဗုဒ္ဓ၀င်အကြောင်းအရာများ များပြားစွာ ရှိခဲ့သလို ယနေ့အချိန်အထိလည်း ရှိနေဆဲဟုပင် ဆိုရပါမည်။ အဘယ့်ကြောင့် ဆိုသော် မြန်မာပြည် အထက်ပိုင်း အောက်ပိုင်း အပါအ၀င် တနိုင်ငံလုံးတွင် မအေးလွန်း မပူလွန်းသော တပေါင်းလပြည့် နေ့၌ ဘုရားပွဲ၊ အလှူပွဲ၊ ထီးတော်တင်ပွဲ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မပူဇာတရားပွဲ၊ ၀ိပဿနာ ဆယ်ရက်တရားစခန်းပွဲ စသည်ဖြင့် အမျိုးပေါင်းစုံလင်သော ကုသိုလ်ကောင်းမှုပွဲတော်များကို ဘိုးဘေးဘီဘင် လက်ထက်များကတည်းက နေရာ အနှံ့ ကျင်းပလေ့ရှိခဲ့ကြပြီး ယနေ့အထိတိုင် ကုသိုလ်ကောင်းမှုများ ကြိုးစားနေကြသည်ကို တွေ့မြင်ရသည်မှာကြည်နူး စရာအတိ ဖြစ်ပါသည်။
ထို့ကြောင့်လည်း ဗုဒ္ဓမြတ်စွာ၏ ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်သည် ရဟန္တာဖြစ်ပြီး၍ အေးချမ်းစွာ နေလို သော် လည်း ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား ပေးခဲ့သော ကတိစကားဖြင့် တပေါင်းလ၏ သာယာပုံ၊ ရာသီ ဥတု မျှတပုံ၊ သစ်ပင်ပန်းမာန်များ ရွက်ဟောင်းကြွေကာ ရွက်နုရွက်သစ်ဝေနေကြပုံ၊ ကျေးငှက်သာရကာ မျိုးစုံတို့သည် လည်း ပွင့်လင်း ရာသီဖြစ်သောကြောင့် အမြဲမပြတ်တွန်ကြူးသီဆိုနေကြပုံ စသဖြင့် ဂါထာပေါင်း ( ၆၄ ) သီကုံးကာ ရဟန္တာ တပါးပီပီ ဖွဲ့နွဲ့ လျောက်ထားခဲ့သောကြောင့် ဘုရားရှင်သည် မွေးရပ်ဋ္ဌာနီ ကပိလ၀တ်ပြည်သို့ ကြွတော်မူရန် စိတ်ပိုင်းဖြတ် တော်မူခဲ့သည်။
( စကားချပ်= အမှန်မှာ မဟာဗုဒ္ဓ၀င်တွင် ကာဠုဒါယီမထေရ်က ၆၄ ဂါထာတို့ဖြင့် လျောက်ထားသော်လည်း အဋ္ဌကထာ ဋီကာများ၌ အလွယ်မှတ်နိုင်စေရန် ဂါထာ ( ၆၀ ) ဟုသာ ရေတွက်ကြသတတ် )
ထိုသို့ လျောက်ထားသော အချိန်ကား ဗုဒ္ဓမြတ်စွာသည် သဗ္ဗညုတဘုရားစင်စစ် ဧကန်ဖြစ်ပြီး၍ လအနည်းငယ်သာ လွန်ပြီး သော မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၏ တပေါင်းလ မပြည့်ခင် ဖြစ်ပါသည်၊ ( မဟာသက္ကရာဇ် (၁၀၃) ခု၊ ကဆုန်လပြည့် တွင် ဘုရားဖြစ်တော်မူပြီး တပိုတွဲလပြည့်နေ့တွင် သြ၀ါဒပါတိမောက်ပြတော်မူကာ အဂ္ဂသာဝကနှစ်ပါးအား လက်ဝဲ လက်ယာ အဂ္ဂသာဝကရာထူး အပ်နှင်းတော်မူခဲ့သည် )
တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ
၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်သည်။
၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပြီး ၀ါတွင်းသုံးလအတွင်း ဥရုဝေလကဿပညီနောင် ၃- ယောက် နှင့် နောက်ပါအခြံအရံ ရသေ့ပုရဗိုဇ်ပေါင်း ( ၁၀၀၀ ) ကို ဧဟိဘိက္ခု ရဟန္တာများ ဖြစ်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းပြီးချိန်ဖြစ်သည်။
၃။ ထိုကြည်ညိုဖွယ် ၀မ်းသာဖွယ်သတင်းစကားများကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို နောက်ပါအခြံ အရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက် သည်။ နောက်ဆုံးအသုတ်ကို ဖွားဖက်တော်ကာဠုဒါယီအမတ်ကြီးကို ခေါင်းဆောင်စေကာ လွှတ်လိုက်ပြီး မြတ်စွာဘုရား နှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့ ဘောင်သို့ဝင်ရောက်ပြီးဧဟိဘိက္ခုရဟန္တာတွေချည်းဖြစ်ကုန်ကြသည်။
၎။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က ကတိပေးခဲ့သော တာဝန်ကို ကျေပွန်စေရန် တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄- ဂါထာသီကုံး၍ ခမည်းတော်၏ကျေးဇူးကို ဆပ်သောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ်ကြောင်းလျှောက်ထားခဲ့သည်။
၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ( ရသေ့ညီနောင်မှ ရဟန္တာ ၁ သောင်း၊ ကပိလ၀တ်မှ ဘုရားပင့်လာသော ရဟန္တာ ၁ သောင်း အားဖြင့် ) စုစုပေါင်း ရဟန္တာပေါင်း ၂ -သောင်း ) ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာ) အတုရိတဒေသစာရီ- မနှေးမမြန်လွန်းသော ကြွချီနည်းဖြင့် ကြွချီတော်မူ ခဲ့ သည်။
ကပိလ၀တ်ရွှေနန်းတော်မှ ဘုရားရှင်ကြိုဆိုပွဲ
၁။ ကပိလ၀တ်မြို့တော်သို့ ရောက်ခါစမှာပင် မာနထောင်လွှားနေကြသော သာကီဝင်ဆွေ မျိုးအပေါင်း တို့အား မာန ကျ စေရန်အလို့ငှါ ဘုရားဆိုသည်မှာ ဘယ်လို ပုံသဏ္ဍာန်ရှိသည်၊ အဘယ်ကဲ့သို့ ကြည်ညိုစရာကောင်းသည်၊ အဘယ်သို့ သော အစွမ်း အစ အရည်အချင်းမျိုး၊ တန်ခိုးမျိုးတို့နှင့် ပြည့်စုံသည်ကို သိရှိစေရန် အထက်အာကာသ ကောင်းကင်ယံတွင် ရတနာ စင်္ကြံတော်ကို ဖန်ဆင်းတော်မူကာ သြဒါတကသိုဏ်းလျင် အာရုံရှိသော စတုတ္ထဈာန်သမာပတ် ကို ၀င်စားတော် မူပြီး တလောကလုံး အဖြူရောင် အလင်းရောင်များ ဖြစ်စေသ တည်း ဟု အဓိဋ္ဌာန်တော် မူကာ ရေမီးအစုံ အစုံသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသည်။
၂။ စကြာဝဠာ တိုက်အပေါင်းမှ နဂါး ဂဠုန် ဂုမ္ဘာန် ယက္ခ ဂန္ဓဗ္ဗများနှင့်တကွ နတ်ဗြဟ္မာများကလည်း မန္ဒာရ၀ နတ်ပန်း၊ ပဒုမ္မာကြာပန်း၊ ပင်လယ်ကသစ်ပန်း တို့ဖြင့် ပူဇော်ကြကာ“ မြတ်စွာဘုရားသည် တလောကလုံးအတွက် အကျိုးစီးပွားကို ဆောင်ရွက်တော်မူပါပေသည်၊ အလွန်ကြည်ညိုဖွယ် အံ့သြဖွယ် ကောင်းပါပေစွ ” ဟု သြဘာသံဘ၀ဂ်ညံအောင် ကောင်းချီး ထောမနာပြုကြသည်။
၃။ ထိုအချိန်မှာပင် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်တို့သည်လည်း ကောင်းကင်ယံမှ ကြွချီလာကာ Biography Of The Buddha ဘုရားရှင်တပါး၏ အကြောင်းအတ္ထုပ္ပတ်ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောပြမှသာလျင် ပြည့်စုံစွာ သိရှိနိုင် မှာ ဖြစ်သောကြောင့် ဟောကြားတော်မူပါရန် လျောက်ထားသောအခါ သာကီဝင်မင်းမျိုးအားလုံးတို့ ကြည်ညိုနေစဉ် ကပိလ၀တ်နေပြည် တော်၏ ကောင်းကင်ယံ၌ပင် ဘုရားဖြစ်တော်စဉ် မဟာဗုဒ္ဓ၀င်အကြောင်းကို ဟောကြားတော်မူ သည်။
၎။ ဗုဒ္ဓ၀င် ဟူသည် ဗုဒ္ဓ၀ံသ ပါဠိစကားဖြစ်ပြီး ( ဗုဒ္ဓ - ဘုရားရှင်တို့၏၊ ၀ံသ - အနွယ်တော်၊ မျိုးရိုး ) ထို့ကြောင့် ဘုရားရှင် တို့၏ ဘ၀၊ အနွယ် တော်အကြောင်း၊ မျိုးရိုးအကြောင်းတို့ကို ဖော်ပြထားခြင်းကို ဗုဒ္ဓ၀င် ဟု ခေါ်ဆိုရသည်။ ဤနေရာ၌ ဂေါတမ ဘုရားရှင်၏ ဘ၀အကြောင်းကို ဂေါတမဗုဒ္ဓ၀င် ဟု ခေါ်ဆိုနိုင်ပါသည်။ ဂါထာပေါင်း ( ၉၅၁ ) ဂါထာတို့ဖြင့် တန်ဆာ ဆင်အပ်သော ( အဋ္ဌကထာဆရာ၊ ဋီကာဆရာ၊ ရဟန္တာမထေရ်တို့ သီကုံးအပ်သော ဂါထာတို့နှင့်ပေါင်းလျင် ဂါထာပေါင်း ( ၁၀၇၀ ) တို့ဖြင့် ဖော်ပြထားသော ဂေါတမဘုရားရှင်၏ အတ္ထုပ္ပတ်ကို ထိုအခါ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ဟောကြားတော်မူ ခဲ့သောကြောင့် ယခုအခါ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီး ရေးသားထားသော မဟာဗုဒ္ဓ၀င် စာအုပ်ကြီးများကို ဂေါတမဗုဒ္ဓ၀င် ဟု မှတ်သားရပါမည်။
၅။ ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်းကို ဟောကြားတော်မူစဉ်ပင် နတ်ဗြဟ္မာများက ပေါက္ခရ၀ဿမိုး ရွာသွန်းဖြိုးစေ သောကြောင့် သာကီဝင်များမှာ အံ့သြဘနန်းဖြစ်ပြီး မာနများချကာ ရှိခိုး ကန်တော့ကြတော့သည်၊ ( ပေါက္ခရ၀ဿမိုး ဟူသည် ကောင်းကင်ယံတွင် ကြာရွက်ပမာဏ တိမ်တိုက်များ တက်လာပြီး ပရိသတ်တွင်းမှ ရေစိုလိုသူကို စိုစေပြီး မစိုစွတ်လိုသူကို မစိုစေသော ကွက်ကြား ကွက်ကြား ရွာသော မိုး ဖြစ်သည် )
၆။ ထိုမိုးအကြောင်းနှင့် စပ်၍ ယခုအခါသာ မဟုတ်သေး၊ ပါရမီဖြည့်စဉ်ကာလ ဝေဿန္တရာမင်းကြီး ဘ၀ကလည်း ရွာခဲ့ ဖူးကြောင်း ဟောလိုရကား ဂါထာပေါင်း ( ၁၀၀၀ ) တို့ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟော တော်မူပြန်သည်။ ဤသည်တို့ကား ဘုရားရှင် ကပိလ၀တ်နန်းတော် ကြွရောက်စဉ်က အခြေအနေမြင်ကွင်းများ ဖြစ်ပါ သည်။
ကပိလ၀တ်နှင့် ပက်သက်၍ ဖြစ်ပေါ်လာသော အကျိုးဆက်များ
၁။ နောက်တစ်နေ့တွင် ကပိလ၀တ်မြို့အတွင်း ဆွမ်းခံဝင်တော်မူစဉ် “ဥတ္တိဋ္ဌေ န ပမဇ္ဇေယျ ”စသော ဂါထာကို ကြားနာရ၍ ဖခင် သုဒ္ဓေါဒန မင်းကြီး သောတာပန် တည်ခဲ့သည်။
၂။ နောက်တကြိမ်တွင် “ ဓမ္မံ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ” စသော ဂါထာတပုဒ်တည်းဖြင့် ဖခင်ဘုရင်ကြီးကို သကဒါဂါမ် ဖြစ်စေပြီး မိထွေးတော် မဟာပဇာပတိဂေါတမီ ကို သောတာပန် တည်စေကာ နိဂြောဓာရုံ ကျောင်းတိုက်ကြီးလဲ ပေါ်ထွန်း လာခဲ့သည်။
၃။ နောင်အခါတွင် မိထွေးတော် ဂေါတမီသည် အမျိုးသမီးထုအားလုံး၏ ရှေ့ဆောင်လမ်းပြ အဖြစ် ဘိက္ခုနီသာသနာကို ခက်ခက်ခဲခဲ ပင်ပင် ပန်းပန်း တည်ထောင်ခဲ့ကာ သာသနာပြုခဲ့သည်။
၎။ “ တရားပြည့်ဝနေပါက ငယ်ငယ်ရွယ်ရွယ်နှင့် သေရိုးထုံးစံ မရှိ” ဟူသော စကားနှင့် စပ်၍ ဖခင်ဘုရင်ကြီးအား မဟာ ဓမ္မပါလဇာတ်တော်ကြီးကို ဟောကြားကာ တတိယမဂ်ဖိုလ်အဆင့် အနာဂါမ်တည်စေခဲ့ပြန်သည်၊ နောက်ပိုင်း လူဝတ် ကြောင် ဖြင့်ပင် ရဟန္တာဖြစ်ကာ (၇) ရက်အတွင်း ပရိနိဗ္ဗာန်စံခဲ့ရသည်။
၅။ ပါရမီဖြည့်ဖက် ယသော်ဓရာသည် ဘုရားရှင်အထံ ဖူးမျှော်ရန် မလာသောကြောင့် အဂ္ဂသာဝကနှစ်ပါးကို နောက်လိုက် အဖြစ်ခေါ်ဆောင်ကာ ကိုယ်တော်တိုင် တိုက်ခန်းအထိ ကြွတော်မူပြီး မယ်ယသော် ၏ မိမိလင်သားအပေါ် သစ္စာစောင့် စည်းပုံနှင့် စပ်၍ စန္ဒကိန္နရီ ဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့သည်။
၆။ နောင်အခါ ဇနပဒကလျာဏီ၊ နန္ဒမင်းသား၊ သားတော်ရာဟုလာ၊ ယသော်ဓရာနှင့် မဟာနာမ်မင်းသား၊ အနုရုဒ္ဓါမင်းသား၊ ကိမိလမင်းသားစသော နန်းညွန့်နန်းလျာအားလုံး သာသနာ့ဘောင် ၀င်ရောက်ကာ ရဟန္တာဖြစ်ကြသည်။
၇။ သာကီဝင်တစ်မျိုးလုံး နန်းတော်တွင် ဆိတ်သုဉ်းခြောက်ကပ်သွားပြီး လူသူကင်းမဲ့သော အခြေအနေထိ ဖြစ်ခဲ့ရသည်၊ ဘုရားရှင်သည် မယ်တော်မာယာဒေ၀ီအပေါ်၌လည်း မွေးကျေးဇူး ပေးဆပ်လိုသောကြောင့် တာဝတိံသာနတ်ပြည် အထိ တက်ကာ အဘိဓမ္မာပဋ္ဌာန်းတရားကို ဟောကြားပြီး မယ်တော်နတ်သားကို သောတာပန်တည်စေခဲ့သောကြောင့် မွေးကျေး ဇူးကျေအောင် ပေးဆပ်ခဲ့သည် ဟု ဆိုရပါမည်။
၈။ ကာဠုဒါယီမထေရ်သည် ရဟန္တာဖြစ်ပြီးနောက်ပိုင်း ဘုရားရှင် တပေါင်းလပြည့်ကျော် ၁ရက်နေ့တွင် ရာဇဂြိုလ်မှထွက် ကာ ကပိလ၀တ်သို့ ကြွနေဆဲ (၂) အတွင်းမှာ ဘုရင်သုဒ္ဓေါဒန မင်းကြီးအား “ ဘုရားရှင် ကပိလ၀တ်ရွှေနန်းတော်သို့ ကြွလာပြီဖြစ်ကြောင်း၊ ယနေ့ ဘယ်အရပ်ဒေသ၊ ဘယ်တိုင်းပြည်၊ ဘယ်မြို့ရွာ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းစကား ပြန်ကြားပေးရန် ဈာန်အဘိညာဉ်တန်ခိုးဖြင့် ကပိလ၀တ်ပြည် သို့ ကြွလာကာ ဆွမ်းဘုန်းပေးတော်မူသည်၊ ပြန်ကြွလျင် လည်း ဘုရားရှင်သုံးဆောင်တော်မူရန် ဆွမ်းသပိတ်ဖြင့် လူအများမြင်စဉ်ပင် ကောင်းကင်ခရီးဖြင့် သယ်ဆောင်ကာ နေ့စဉ်နေ့တိုင်း နှစ်လတိတိ ဆွေတော်မျိုးတော်သာကီဝင်တို့အား ချီးမြှောက်ပေးခဲ့သည်။
ထို့ကြောင့်ပင် နောင်အခါ ဗုဒ္ဓမြတ်စွာသည် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှောက်တော်မူသောအခါ ဆွေမျိုးဒကာ ဒါယိကာမတို့အား ကြည်ညိုစေရန် စည်းရုံးနိုင်သူတို့တွင် ဖွားဖက်တော် ကာဠုဒါယီမထေရ်သည် အမြတ်ဆုံး အသာဆုံး ဖြစ်ပါပေသည် ဟု ကုလပ္ပသာဒ ( ကုလ - ဆွေမျိုးတို့အား၊ ပသာဒ - ကြည်ညိုစေခြင်း ) အရာတွင် ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြောက်တော်မူခဲ့သည်။
တပေါင်းလဖွဲ့ နှင့်စပ်၍ ရှင်အုန်းညို ရေးသားခဲ့သော ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ်
လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေးတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊မြတ်ရှင်ချစ်။
အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။
အချုပ်ဆိုရသော် တပေါင်းလပြည့် တွင် ရဟန္တာမထေရ် ကာဠုဒါယီ၏ ကျေးဇူးဖြင့် စခဲ့သော ကပိလ၀တ်ဇာတ်လမ်းသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအားလုံးအတွက် အားကျဖွယ်၊ အတုယူဖွယ်၊ ကြည်ညိုဖွယ်၊ ပီတိဖြစ်ဖွယ် တို့ဖြင့် ပြည့်နှက်နေသော နေ့ထူးနေ့မြတ်အခါသမယ ဖြစ်သောကြောင့် ယင်းနေ့ကိုပင် ဗုဒ္ဓမြတ်စွာ၏ ကပိလ၀တ်ရွှေနန်းတော်သို့ ၀င်တော်မူသောနေ့ ဟု သတ်မှတ်ခဲ့ကြပါသည်။
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။