ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 2 July 2014

စစ်ဘက် ဥပဒေအောက်နှုတ်ဆိတ်နေရသည့် အမျိုးသမီးများ



ရန်ကုန်မြို့လယ်တစ်နေရာတွင် အမျိုးသမီးများလိင်အကြမ်းဖက်မှုဆန့်ကျင်ဆန္ဒပြနေသူများ (ဓာတ်ပုံ - Burma Partnership)
ချင်းအမျိုးသမီးအဖွဲ့များ ဆန္ဒပြနေသည့် မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ပျံနှံ့လာသည်။ နိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်လည်းဖြစ်၊ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ခေါင်းစဉ်အမျိုးမျိုးဖြင့် နိုင်ငံအနှံ့ ထင်ရှားလာသည့် ဆန္ဒပြပွဲများကို တွေ့ရလေ့မရှိသည့် ချင်းပြည်နယ်အတွင်းရှိ ချင်းလူမျိုးများအတွက် ပထမဆုံးအကြိမ် ဆန္ဒပြခြင်းလည်း ဖြစ်သည်။

မတူပီမြို့နယ်ခွဲ ရေဇွာမြို့တွင် အသက်(၅၀)အရွယ် ချင်းအမျိုးသမီးတစ်ဦးကို စစ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်အကြမ်းဖက်မှုမှ အစပြုပြီး ဆန္ဒဖော်ထုတ်သူ လူပေါင်း ၄၀၀ ကျော် လမ်းပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် နေအိမ်မှ ထွက်လာသူ အသက်(၅၀)ကျော် ချင်းအမျိုးသမီးတစ်ဦး တောင်ယာလုပ်ငန်းသို့ သွားရာလမ်းတွင် စစ်သားတစ်ဦးက အကြမ်းဖက်အဓမ္မပြုကျင့်ရန် ကြံစည်နေသည်ကို မြို့ခံနှစ်ဦးက မြင်ခဲ့သည်။ စစ်သားတစ်ဦးနှင့် ချင်းအမျိုးသမီးတစ်ဦး လုံးထွေးနေသည်ကို မြင်သဖြင့် ထိုနေရာမှ ကြောက်လန့်တကြား ထွက်ပြေးခဲ့ပြီး ရပ်မိရပ်ဖများကို သွားရောက်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ဖြစ်ပွားခဲ့ပုံများကို ချင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မစူဇီက ပြောပြသည်။

ထိုအမျိုးသမီးသည် စစ်သားတစ်ဦး၏ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာများရကာ သုံးရက်ကျော် ဆေးကုသမှုခံယူသော်လည်း ဒဏ်ရာသက်သာမှုမရှိသေးဟု ဆိုသည်။

ယင်းဖြစ်ရပ်သည် ချင်းပြည်နယ်တွင် ခြောက်ကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဟု ချင်းအမျိုးသမီးများကွန်ရက်အဖွဲ့မှ သိရှိရသည်။ ထိုအဖြစ်အပျက်မျိုးသည် ချင်းပြည်နယ်တွင်သာမက မြန်မာပြည်အနှံ့အပြားရှိ တိုင်းရင်းသားဒေသများတွင် အများပြားကြုံတွေ့နေရသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများက ဆိုသည်။

‘‘ဒီလိုဖြစ်ရပ်မျိုးက ချင်းပြည်နယ်မှာ ခဏခဏဖြစ်တယ်။ ဒါကိုမခံနိုင်လို့ နောက်နောင်ဒီလိုမဖြစ်ဖို့ ကျွန်မတို့အဖွဲ့တွေက လှုပ်ရှားဆန္ဒပြကြတာပါ’’ဟု ချင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မစူဇီကပြောသည်။

သမ္မတဦးသိန်းစိန် လက်ထက်အတွင်း ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် စစ်သားများက အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကျူးလွန်သည့် အမှုပေါင်း ၁၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်၏ စစ်တမ်းကောက်ယူမှုများအရ သိရှိရသည်။

အရပ်သားများက ကျူးလွန်သော လိင်အကြမ်းဖက်မှုများကို အရပ်ဘက်တရားရုံးတွင် ပြစ်ဒဏ်စီရင်ခွင့်ရှိသော်လည်း စစ်သားများက ကျူးလွန်သော ပြစ်မှုများကို အရပ်ဘက်တရားရုံးတွင် စီရင်ခွင့်မရချေ။ ထို့ကြောင့် အမျိုးသမီးရေးရာလှုပ်ရှားသူများက ကျူးလွန်သူများကို အရပ်ဘက်တရားရုံး၌ ပြစ်ဒဏ်ပေးရန် တောင်းဆိုကြသည်။

ကျူးလွန်သော တပ်မတော်သားများကို တပ်ဥပဒေအတိုင်း ပြစ်မှု၊ ပြစ်ဒဏ်များ ချမှတ်မည်ဟု ဆိုသော်လည်း မည်သည့်တပ်မတော်သားကို မည်သည့်ပြစ်ဒဏ် ချမှတ်ပေးခဲ့သည်ကို ကျူးလွန်ခံရသူနှင့် အရပ်သားများကို ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိဟု အမျိုးသမီးလှုပ်ရှားသူများက ဆိုသည်။

‘‘ဒီလိုဖြစ်ရပ်မျိုးက ပဋိပက္ခအတွင်းမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ကြုံတွေ့နေရပါတယ်။ ဒီလို ဖြစ်ရပ်မျိုးဖြစ်တိုင်း တပ်ဥပဒေအရပဲ စီရင်ချက်ချတယ်။ တကယ်ပြစ်ဒဏ်ခံရလား၊ မခံရလား မသိရဘူး။ ဒါပေမဲ့ ကျူးလွန်ခံရသူနဲ့ ကျူးလွန်ခံရတဲ့သူဘက်က အမြဲတမ်းကူညီပေးတဲ့လူတွေ တစ်မျိုးမဟုတ်တစ်မျိုး ခြိမ်းခြောက်ခံရတယ်’’ဟု ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ မစူစန္ဒာကပြောသည်။

တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုများကို စစ်တမ်းကောက်ယူခြင်း၊ အကျိုးဆောင်ပေးခြင်း လုပ်ကိုင်နေသူများကို အခြေအနေအမျိုးမျိုးဖြင့် အုပ်ချုပ်ရေးအာဏာပိုင်များက ခြိမ်းခြောက်လျက်ရှိသည်ဟု အမျိုးသမီးရေးရာလှုပ်ရှားသူများက ပြောသည်။

‘‘စဖြစ်တဲ့ ၁၀ ရက်ကနေ ၁၇ ရက်အထိက ကျူးလွန်ခံရတဲ့ အမျိုးသမီးက အဓမ္မပြုခံရတယ်လို့ ပြောသေးတယ်။ ၁၇ ရက်နောက်ပိုင်း မြို့တော်ခန်းမမှာ စစ်ဗျူဟာမှူးလာပြီး မြို့မိမြို့ဖတွေ့ဆုံပွဲနောက်ပိုင်းမှာတော့ အဲဒီအမျိုးသမီးက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောတော့ဘူး။ အရိုက်ခံရတယ်၊ အကြမ်းဖက်ခံရတယ်လို့ပဲ ပြောတော့တယ်’’ဟု ချင်းအမျိုးသမီးရေးရာလှုပ်ရှားသူ မစူဇီကပြောသည်။

အလားတူဖြစ်ရပ်မျိုးကို တနင်္သာတိုင်းဒေသကြီး ထားဝယ်ဒေသတွင်လည်း ယခုနှစ်သင်္ကြန်တွင်း နေအိမ်၌  ဥပုသ်စောင့်နေသူ အသက်(၄၀)ကျော်အမျိုးသမီးတစ်ဦးကို တပ်ကြပ်အဆင့်ရှိ တပ်မတော်သားတစ်ဦးက နေအိမ်သို့ လာရောက်ရေလောင်းပြီး အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်။ ထိုအမှုမျိုးကို တရားရုံးနှင့် ရဲစခန်းတွင် သွားရောက်အမှုဖွင့်ရာ တပ်ဖွဲ့စည်းပုံအတိုင်း အရေးယူမည်ဖြစ်သဖြင့် လက်မခံခဲ့ချေ။

ထို့နောက် ကျူးလွန်ခံရသူ ထိုအမျိုးသမီးကို ၎င်းနေအိမ်တွင် ထိုင်းနိုင်ငံသို့ ဆက်သွယ်ရန် ပြည်ပနိုင်ငံမှ (ထိုင်းဖုန်း) တပ်ဆင်မှုဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထိုဖုန်းများကို မြန်မာ-ထိုင်းနယ်စပ် ကျေးရွာ၊ မြို့များတွင် ကိုင်ဆောင်အသုံးပြုကြသော်လည်း ထိုအမျိုးသမီးတစ်ဦးတည်းကိုသာ တရားမဝင် ပြည်ပနိုင်ငံမှ ဖုန်းကိုင်ဆောင်မှုဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်ဟု မစူစန္ဒာကပြောသည်။

တပ်မတော်သားတစ်ဦးက အမျိုးသမီးတစ်ဦးကို လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအနက် မွန်ပြည်နယ် သံဖြူဇရပ်တွင် ဖြစ်ပွားသော အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှုမှာ ပို၍လူသိများခဲ့သည်။

၂၀၁၄ နှစ်ဆန်းပိုင်းတွင် သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ကျေးရွာအုပ်စု ရွာသာယာကျေးရွာသူ မိချိုကို ဒုတပ်ကြပ်အဆင့်ရှိ တပ်မတော်သားက လိင်အကြမ်းဖက်ရန်အတွက် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

‘‘ကျူးလွန်တဲ့သူကို စစ်ခုံရုံးကို တင်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ မြင်ခွင့်၊ ကြားနာခွင့် မရခဲ့ဘူး။ ကျွန်မပြောချင်တာက စစ်တပ်ထဲမှာ ကျူးလွန်တဲ့ပြစ်မှုတွေကို စစ်တပ်ဥပဒေအတိုင်း တရားစီရင်တာ အပြစ်မဟုတ်ပေမယ့် စစ်တပ်က အရပ်ဘက်ကို ကျူးလွန်တဲ့ပြစ်မှုကိုတော့ အရပ်ဘက်မှာပဲ သီးသန့်အပြစ်ဒဏ်ချစေချင်တယ်’’ဟု ဒီမိုကရေစီငြိမ်းချမ်းရေးနှင့် အမျိုးသမီးကွန်ရက်မှ မသန္တာကပြောသည်။

တပ်မတော်သားများ ပြစ်မှုကျူးလွန်သည့် ပြစ်မှုအကြီး၊ အသေးကိုလိုက်၍ အချုပ်ကျခြင်း၊ နုတ်ထွက်ခွင့်ပေးခြင်းအပြင် ရာထူးတိုးပေးမှု ရပ်တန့်ထားခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်း၊ လစာဖြတ်တောက်ခြင်းနှင့် သေဒဏ်ပေးခြင်းအထိ အရေးယူသည်ဟု စစ်ဘက်မှ ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးကပြောသည်။

တပ်တွင်းကျူးလွန်သည့် ပြစ်မှုများကို နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် အပြင်သို့ ထုတ်ဖော်ပြောကြားခြင်းမရှိဟုလည်း ထပ်မံပြောဆိုခဲ့သည်။

ပဋိပက္ခဖြစ်နေပြီး တရားဥပဒေစိုးမိုးမှုမရှိသော နယ်မြေအတွင်း အစိုးရတပ်သာမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ကြသော လိင်အကြမ်းဖက်မှုများက မြန်မာနိုင်ငံနည်းတူ အခြားနိုင်ငံများတွင်လည်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင်သာမက တရားဥပဒေစိုးမိုးသော ဒေသများတွင်ပါ ယင်းပြစ်မှုမျိုးကို တပ်မတော်သားများ ခပ်စိပ်စိပ် ကျူးလွန်လာကြသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောသည်။

တရားဥပဒေစိုးမိုးမှုရှိသည့် ဒေသများတွင် တပ်မတော်သားတစ်ယောက်က အရပ်ဘက်တွင် လာရောက်ကျူးလွန်သည့် ပြစ်မှုမျိုးကို အရပ်ဘက်တရားစီရင်ရေးတွင် အဆုံးအဖြတ်ပေးရန် တောင်းဆိုထားသော်လည်း ကာကွယ်ရေးဦးစီးချုပ်က ထိုကိစ္စနှင့်ပတ်သက်၍ ယနေ့အချိန်အထိ ထုတ်ဖော်ပြောကြားထားခြင်းမရှိဟု အမျိုးသမီးအရေးလှုပ်ရှားသူများကဆိုသည်။

‘‘ကျွန်မတို့က တရားစီရင်ခွင့်နဲ့ ပတ်သက်ပြီး အခုရေးဆွဲနေတဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေမှာ ထည့်သွင်းရေးဆွဲဖို့ ညှိနှိုင်းနေပါတယ်။ ညှိနှိုင်းနေဆဲဖြစ်လို့ အစိုးရဆီက ဘာမှတော့ မသိရသေးပါဘူး’’ဟု ကျား၊ မ တန်းတူညီမျှရေးကွန်ရက်အဖွဲ့မှ တာဝန်ခံ မမေစံပယ်ဖြူကပြောသည်။

အရပ်သားအစိုးရလက်ထက်အတွင်း ဥပဒေပေါင်းများစွာကို ရေးဆွဲအတည်ပြုခဲ့သည့်အနက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ဥပဒေတစ်ရပ်ကို ရေးဆွဲခွင့်ပြုခဲ့သည်။ အဆိုပါဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အရပ်ဘက် အမျိုးသမီးများအဖွဲ့က ပူးပေါင်းရေးဆွဲနေကြသည်။

ပူးပေါင်းရေးဆွဲနေသည့် အဆိုပါဥပဒေတွင် တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုတွင် တရားစီရင်ခြင်းကို အရပ်ဘက်တရားရုံး၌ စီရင်ဆုံးဖြတ်ရန် အရပ်ဘက်အဖွဲ့အစည်းများက တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

တပ်မတော်သားများ ကျူးလွန်သည့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများမှာ ယခုနှစ်နောက်ပိုင်းအတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသများသာမက အခြားဒေသများတွင်ပါ ရဲတင်းစွာကျူးလွန်ကြသောကြောင့် ပွင့်လင်းမြင်သာစွာ အရေးယူမှုပြုလုပ်မှသာ ထိုအဓမ္မမှုကို တိုက်ဖျက်ရလွယ်ကူလိမ့်မည်ဟု အမျိုးသမီးလှုပ်ရှားသူများက ထင်မြင်ယူဆကြသည်။

အစိုးရသစ်လက်ထက်အတွင်း အမျိုးသမီးများအား အုပ်ချုပ်ရေးနေရာများတွင် နေရာပေးခြင်း၊ လွှတ်တော်အတွင်း ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်ခြင်းများရှိခဲ့သည်။

နိုင်ငံတကာအမျိုးသမီးများ ညီလာခံကိုလည်း မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သည်။ ထို့အပြင် လန်ဒန်၌ကျင်းပသော ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် အမျိုးသမီးများ လိင်အကြမ်းဖက်မှုတိုက်ဖျက်ရေး ညီလာခံသို့ အစိုးရကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။ ညီလာခံတွင် အစိုးရက လိင်အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်း၌ ပါဝင်မည်ဟု လက်မှတ်ရေးထိုးခဲ့သည်။

‘‘ဒီကိစ္စမှာ အဓိက ကတိကဝတ်ပေးရမယ့်သူက တပ်မတော်က ဖြစ်ပါတယ်။ သူများနိုင်ငံက စစ်တပ်ဗိုလ်ချုပ်တွေ အဲဒီပွဲကိုလာကြတယ်။ ကတိပေးကြတယ်။ ကျွန်မတို့နိုင်ငံက ဒုဝန်ကြီးပဲတက်တယ်။ အကောင်အထည်ဖော်တဲ့နေရာမှာ သူက တပ်မတော်အပေါ် ဘယ်လောက်လွှမ်းမိုးမှုရှိမလဲ။ ဒီလို ကတိပေးနေတဲ့အချိန်မှာ ချင်းပြည်နယ်မှာ ပြဿနာဖြစ်တယ်။ ကျူးလွန်ခံရသူတွေ၊ ကျူးလွန်ခံရသူတွေဘက်က ရပ်တည်ပေးတဲ့သူတွေ ခြိမ်းခြောက်ခံရတယ်’’ဟု လန်ဒန်တွင် ကျင်းပသည့် ပဋိပက္ခဒေသအတွင်း အမျိုးသမီးများ လိင်အကြမ်းဖက်မှုတိုက်ဖျက်ရေး ညီလာခံသို့ တက်ရောက်ခဲ့သူ မမေစံပယ်က ပြောသည်။

တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုများကို တိုက်ဖျက်ရာတွင် ကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူမှသာ ထိုပြစ်မှုများ လျော့နည်းလာနိုင်မည်ဟု အမျိုးသမီးအဖွဲ့များက ဆိုသည်။ ထိုသို့မဟုတ်ပါက ကျူးလွန်သူများကို ဆက်လက်ကျူးလွန်ရန် တွန်းအားပေးရာရောက်မည်။

တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုများ မည်သို့မည်ပုံ တရားစီရင်သည်ကို ပြည်သူများ သိခွင့်မရသည့် ကာလအတွင်း ကျူးလွန်ခံရသူများသည် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခံရ၍ မိမိခံစားရမှုများကို  ထုတ်ဖော်ပြောကြားရန် လက်တွန့်ကြသလို ကျူးလွန်ခံရသူများဘက်က ရပ်တည်သူများမှာလည်း တရားတပေါင် ရင်ဆိုင်နေရသည်။         
credit to 7daydaily

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။