ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 16 January 2013

"လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး" နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့်အင်တာဗျူး










နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဇန်န၀ါရီ ၈ ရက်တွင် စတင်ခန့်အပ်တာဝန်ပေးခြင်းခံရသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ၊ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ 7Day News က မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက်  ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မေး- အစိုးရနဲ့ကေအိုင်အိုကြားထဲမှာ တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့က အခု အခြေအနေမှာ ယုံကြည်မှု ပျောက်ဆုံးနေတာ
တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှုက အဖြေပြန်ရှာနိုင်ဖို့ ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းရှိရင် သိလိုပါတယ်။

ဖြေ- နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကနေ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့အတွက် ပထမဆုံး လုပ်ဆောင်သင့်တာကတော့  အပစ်အခတ်ရပ်စဲရေး စတင်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ဖြစ်စဉ်များကို လေ့လာကြည့်မယ်ဆိုရင်လည်း လက်နက်ကိုင် တိုက်ခိုက်နေမှုများကို  အရင်ရပ်ဆိုင်းပြီးမှ နောက်အဆင့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရဘက်က
အပစ်အခတ်ရပ်စဲရေးကို အရင်သဘောတူပြီးမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အကြိမ်ကြိမ်ပြောဆိုကမ်းလှမ်းခဲ့တာလည်း အပစ်အခတ်ရပ်စဲရေး  အောင်မြင်ပြီးရင် လက်နက်ကိုင် ပဋိပက္ခများကို အဖြေရှာဖို့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့
ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကိုလည်း ချန်လှပ်မထားဘဲ အပစ်အခတ်ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများမှာပါ ပါဝင်လာနိုင်ဖို့အတွက် တံခါးဖွင့်ထားကြောင်း ထပ်မံပြောကြားထားပြီး ဖြစ်ပါတယ်။

မေး- တွေ့ဆုံဆွေးနွေးမှု အဆင်ပြေအောင် တတိယအဖွဲ့အစည်း ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို အကူအညီတောင်းဖို့အစီအစဉ်များ ဖြစ်လာနိုင်ပါသလား။

ဖြေ- မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနဲ့ ပတ်သက်ပြီး မြန်မာတိုင်းရင်းသားများက အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့  အချင်းချင်းတွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ကော်မတီများ၊ အဖွဲ့အစည်းများလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ တတိယအဖွဲ့အစည်း၊ တတိယနိုင်ငံမျိုးက တွေ့ဆုံနိုင်မယ့်နေရာစီစဉ်ပေးတာမျိုးတော့ ရှိနိုင်ပါတယ်။

မေး- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တပ်မတော်ကို ကေအိုင်အို/ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို မသိမ်းဖို့ မှာလိုက်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ လိုင်ဇာမြို့ ပတ်ပတ်လည်က ကေအိုင်အေ အမာခံတပ်စွဲထားတဲ့ တောင်ကုန်းတွေကို အကြီးအကျယ် ထိုးစစ်ဆင်နေတာ သိရပါတယ်။
အစိုးရတပ်မတော်ရဲ့ ရည်မှန်းချက်ကို သိချင်ပါတယ်။ ကေအိုင်အေကို အပြီးတိုင် ချေမှုန်းရေးလား။ ဒါမှမဟုတ်ဘာပါလဲ။ ကေအိုင်အို/ကေအိုင် အေနဲ့  ပတ်သက်ပြီး နိုင်ငံတော် သမ္မတရဲ့ နောက်ဆုံးညွှန်ကြားချက်ကို သိလိုပါတယ်။

ဖြေ- အခု လဂျားယန်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများဟာ ပြီးခဲ့တဲ့ လပေါင်းများစွာအတွင်းမှာ ကေအိုင်အေအဖွဲ့က ခြေကုတ်ယူပြီး လဂျားကန်စခန်းမှာရှိတဲ့  တပ်မတော်အဖွဲ့ဝင်များ၊ လဂျားယာန်စခန်းကို ရိက္ခာလာရောက်ပို့ဆောင်တဲ့ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်နေခဲ့တဲ့ နေရာများကို မိမိတပ်ဖွဲ့ဝင်များက  လုံခြုံရေးနဲ့ မြစ်ကြီးနား၊ ဗန်းမော်ကားလမ်း ပြန်လည်အသုံးပြုနိုင်ဖို့အတွက် ရှင်းလင်းတဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ လဂျားယန်စခန်းပတ်ဝန်းကျင်က  တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာ ဖြစ်ပါတယ်။ လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး။  တပ်မတော်အနေနဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသအေးချမ်းတည်ငြိမ်ရေးနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေးအတွက်  လိုအပ်သလောက် အင်အားသာ အသုံးပြုပြီး စစ်ရေးအရ ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ အမိန့်ဖြစ်တဲ့  မိမိကိုယ်မိမိခုခံကာကွယ်မှုကလွဲပြီး ထိုးစစ်ဆင်မှုမပြုလုပ်ဖို့ဆိုတဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။


မေး- ကေအိုင်အို/ကေအိုင်အေထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ၆၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ အဲဒီ  စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အရင်ကကူညီထောက်ပံ့မှု လုံးဝမရှိဘူးလို့ ကေအိုင်အိုဘက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် အကူအညီတွေ  ပိုနည်းသွားသလို ရာသီဥတုဒဏ်ကြောင့် အခက်ခဲဆုံးအခြေအနေ ရင်ဆိုင်နေရတဲ့ အဲဒီစစ်ပြေး ဒုက္ခသည်တွေအတွက် ဘယ်လို ကူညီပံ့ပိုးမှုတွေပေးဖို့ ရှိပါသလဲ။

ဖြေ- ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့  ဒုက္ခသည်အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက်ပါနေသလဲဆိုတာ သေသေချာချာ  စိစစ်သင့်တယ်လို့ ထင်ပါတယ်။

မေး- ဇန်န၀ါရီ ၁၄ (ယနေ့နံနက်) တပ် မတော်က ပစ်လိုက်တဲ့ ၁၀၅ မမ အမြောက်ဆံထိမှန်လို့ လိုင်ဇာမြို့ ခံသုံးဦးသေပြီး လေးဦးကို ဆက်လက်ဆေးကုသနေတယ်လို့ လိုင် ဇာဆေးရုံက သိရပါတယ်။ ဘာ ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိလိုပါတယ်။

ဖြေ- အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟတ်ယာဉ် ပျံသန်းမှုလည်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ လွတ်လပ်တဲ့အတည် ပြုချက်များရရှိဖို့လိုပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းမှာ တပ်မတော်ဘက်က လဂျားယန်တစ်ဝိုက်မှာ လက်နက်
ကြီးနဲ့ပစ်ခတ်မှုလုံးဝမရှိဘူး၊ အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟာတ်ယာဉ်ပျံသန်းမှုလည်း မရှိဘူးလို့ကာကွယ်ရေးဝန်ကြီးဌာနကနေစုံစမ်း သိရှိရပါတယ်။
လိုင်ဇာမြို့တွင်းမှာလည်း ကေအိုင်အေက လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိနေတာကြောင့် ဒီပေါက်ကွဲမှုဟာ တပ်မတော်က ပစ်ခတ်မှုလား၊ တစ်ခြား မတော်တဆပေါက်ကွဲမှုလား၊ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ လွတ်လပ်တဲ့အ တည်ပြုချက် များရရှိဖို့လိုပါတယ်။

မေး- ပြည်သူတွေအားလုံးက မလိုလားပေမယ့် အစိုးရနဲ့ ကေအိုင်အေတိုက်ပွဲတွေက ဒီရက်ပိုင်းမှာပဲ ပိုပြီးတင်းမာပြင်းထန်လာတာ တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှု ပြန်လုပ်လို့ရအောင် အရေးကြီးဆုံး အဆင့်ဖြစ်တဲ့ နှစ်ဖက်စလုံး စစ်ရေးအရှိန်ကို ဘယ်လိုလျှော့နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ- တိုက်ခိုက်မှုတွေ အရှိန်လျှော့ဖို့အတွက်ဆိုရင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ တပ် ပိုင်းဆိုင်ရာကိစ္စတွေမှာအဆုံးအဖြတ်ပေးနိုင်မယ့်သူတွေပါဖိုလိုပါတယ်။ ရွှေလီမှာ နောက်ဆုံးတွေ့ဆုံဆွေးနွေးတုန်းက တပ်မတော်ဘက်က အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးဖို့ သွားရောက်ခဲ့ပေမယ့် ကေအိုင်အေဘက်က ဦးဂွန်မော်တို့ လာရောက်ခြင်း မရှိတဲ့အတွက် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါဘူး။ International Crisis Group အဖွဲ့ကလည်း ကေအိုင် အေဘက်က ဒီလိုဆွေးနွေးဖို့ ပျက်ကွက်ခြင်းဟာ တိုက်ပွဲတွေ အရှိန်မြင့်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုအဖြစ်ထောက်ပြထားပါတယ်။

မေး- ရှေ့တန်းတိုက်ပွဲတွေမှာ တပ်မတော်အနေနဲ့ တိုက်လေယာဉ် တွေကိုအသုံးပြုခဲ့တဲ့အပြင် ဒီနောက်ပိုင်း ဓာတုလက်နက်တွေ သုံးတော့မယ်၊ သုံးနေပြီလို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားဖော်ပြလာတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများ မှတ်ချက်ပေးချင်ပါလဲ။

ဖြေ- တပ်မတော်အနေနဲ့ ဘယ်တုန်းကမှ ဓာတုလက်နက် မသုံးခဲ့ပါဘူး။ အခုလည်း သုံးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အခု အင်တာနက်ပေါ်မှာ ပေါ်ပေါက်နေတဲ့ စွပ်စွဲချက်များဟာ လုံးဝမှားယွင်းပါတယ်။ ကေအိုင်အေ
ဒါမှမဟုတ် ကေအိုင်အေကို ထောက်ခံတဲ့သူများက ကေအိုင်အေတပ်ဖွဲ့ဝင်တွေ
တိုက်လိုခိုက်လိုစိတ်မရှိတော့လို့ စခန်းများ စွန့်ခွာခဲ့ရတဲ့ အခြေအနေကို ဖုံးကွယ်ချင်လို့ ဒီလိုမမှန်သတင်းတွေ ထုတ်လွှင့်နေတာလို့ ထင်ပါတယ်။

မေး- အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန် ၉ ရက်ကစပြီး မိုင်းခွဲခံရတဲ့ ရထားနဲ့ တံတား အကြိမ်ရေ ဘယ်လောက်ရှိပါပြီလဲ။
အချို့မိုင်းခွဲတာတွေမှာ စစ်သားတွေနဲ့ စစ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရထားတွေမို့သာ စစ်ပွဲတွေထုံးစံအတိုင်း ကေအိုင်အေက မိုင်းခွဲတယ်လို့
ပြောတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများမှတ်ချက်ပေးလိုပါသလဲ။

ဖြေ- ၂၀၁၁ ခုနှစ် အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားတဲ့အချိန်ကစပြီး ယခု ဇန်န၀ါရီ ၁၃ ရက်အ ထိ မန္တလေး-မြစ်ကြီးနား ရထားလမ်းကို ကေအိုင်အေက
မိုင်းခွဲတိုက်ခိုက်မှု ၅၄ ကြိမ်နဲ့ မန္တလေး- မြစ်ကြီးနားရထားလမ်းမှာ မိုင်းခွဲ တိုက်ခိုက်မှုနှစ်ကြိမ် စုစုပေါင်း ၅၆ ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီရထားတွေအားလုံးဟာ လူစီးရထားနဲ့ အရပ်ဘက်ကုန် တင်ရထားများသာဖြစ်ပါတယ်။ ကုန်တင်ရထားတိုက်ခိုက်ခံရတုန်းက မြန်မာ့မီးရထားက ကုန်ပစ္စည်း
စာရင်းတောင် အသေးစိတ်ထုတ် ပြန်ခဲ့ပါသေးတယ်။ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ရထားများပေါ်မှာ ခရီးသည်တွေပါသလို ပတ်ဝန်းကျင် မှာလည်း
ဒေသခံပြည်သူတွေရှိပါတယ်။ တကယ်လို့ အဲဒီရထားများဟာ စစ်ရထားဆိုရင် သူတို့ကိုယ် တိုင်ကပြောမှာဖြစ်ပါတယ်။ ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့
ရထားများက အရပ်ဘက်လူစီးနဲ့ ကုန်ရထားများသာ ဖြစ်ပါတယ်။

မေး- နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထက် သက်တမ်းတစ်နှစ်နဲ့ ကိုးလကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့
ပြုပြင်ပြောင်းလဲမှုများစွာ လုပ်နိုင်ခဲ့ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေမယ့် ထိရောက်မှု နည်းနေပါသေးတယ်။
အောက်ခြေပြည်သူလူထုဆီကိုပါ သက်ရောက်မှုရှိမယ့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို အစီအစဉ်တွေရှိပြီး ဘယ်လိုဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ- စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဟာ မက်ခရိုအဆင့်မှ စတင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှု အောက်ခြေအထိရောက်အောင် အချိန်အတိုင်းအတာတစ်ခု ယူရပါတယ်။ သမ္မတကြီးလည်း ဒီအချက်ကို သတိပြုမိတဲ့အတွက် စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်စီးပွားရေးတိုးတက်မှုမူဘောင်များအရ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာမှာလည်းကောင်း၊ နိုင်ငံတကာ အကူအညီများ ရယူဆောင်ရွက်ရာမှာလည်းကောင်း ပြည်သူများ တိုက်ရိုက်လက်တွေ့ အကျိုးခံစားခွင့် ရရှိစေမယ့် စီမံကိန်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ထုတ်ပေးနိုင်မယ့် ရင်းနှီး မြှုပ်နှံမှုများကို ဦးစားပေးဖို့ မူဝါဒအဖြစ် လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။ အလားတူပဲ ထောင်စုနှစ် ရည်မှန်းချက်များအတိုင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို ထက်ဝက်လျှော့ချနိုင်ဖို့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှု လျှော့ချရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

From

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။